နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း

၂၇-၅-၂၀၂၀ ရက်နေ့၊ ၁၀ ၀၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရတနာစံပရိယတ္တိစာသင်တိုက်၊ မိဂဒါဝုန်ကျောင်းဆောင်၌ ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော် ဇေယျာသီရိမြို့နယ်သံဃနာယက အဖွဲ့(ရွှေကျင်)ဥက္ကဋ္ဌ၊ ရေဆင်းကန်ဦးကျောင်းတိုက် ပဓာန နာယက၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိလာသ ဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေး နှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။

          အဆိုပါ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ နေပြည်တော် ဇေယျာသီရိမြို့နယ်သံဃနာယကအဖွဲ့(ရွှေကျင်) ဥက္ကဋ္ဌ၊ ရေဆင်းကန်ဦးကျောင်းတိုက် ပဓာန နာယက မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိလာသ ဆရာတော်ကြီးထံမှ  သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲ များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနာသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ်ပရိတ်တရားတော် များကို နာယူကြည်ညိုတော်မူကြသည်။ ထို့နောက် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထား ခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ရတနာစံပရိယတ္တိစာသင်တိုက် ပဓာန နာယက ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိစိတ္တသာရ ဆရာတော်ထံမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များက အနုမောဒနာ တရားနာကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ် ခဲ့သည်။

          အဆိုပါ နေပြည်တော် ဇေယျာသီရိမြို့နယ် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်ဆက်ကပ် လှူဒါန်းပွဲတွင် Coronavirus Disease 2019(Covid-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နေစဉ်ကာလ အတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်း ၁၈ ကျောင်းတို့တွင် သီတင်းသုံနေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၃၈၄ ပါးတို့အတွက် စုစုပေါင်း ဆွမ်းတော် ၇၆ အိတ် ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ သာသနာရေးဦးစီးဌာန