နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း

၂၆-၅-၂၀၂၀ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့၊ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၊ ဓမ္မဝိဇိတဗိမာန်တော်ကြီး၌ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းသို့ ဆွမ်းဆန်တော်လှူဒါန်းပွဲ ကျင်းပပြုလုပ် ခဲ့ရာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ညောင်ကုန်းကျောင်းတိုက်ပဓာနနာယက ဘဒ္ဒန္တပဏ္ဍိတဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် သာသနာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။

          အဆိုပါ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ညောင်ကုန်းကျောင်းတိုက် ပဓာန နာယက ဘဒ္ဒန္တပဏ္ဍိတဆရာတော်ကြီးထံမှ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနာသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ်ပရိတ်တရားတော် များကို နာယူကြည်ညိုတော်မူကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထား ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင်၊ ရှားတောကျောင်းတိုက် ပဓာန နာယက၊ ဘဒ္ဒန္တဥတ္တရဆရာတော်ကြီးထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အနုမောဒနာ တရားနာကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲတွင် Coronavirus Disease 2019(Covid-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နေစဉ်ကာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်း ၁၄ ကျောင်းတို့တွင် သီတင်းသုံနေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၃၁၇ ပါး၊ သီလရှင် ၁ ပါးတို့အတွက် ဆွမ်းဆန်တော် ၆၃ အိတ်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၄၀ ကျောင်းနှင့် သီလရှကျောင်း ၁ ကျောင်းတို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၄၇၈ ပါး၊ သီလရှင် ၅၉ ပါးတို့အတွက် ဆွမ်းဆန်တော် ၁၁၁ အိတ်၊ စုစုပေါင်း ရဟန်း၊ သာမဏေနှင့် သီလရှင် ၈၅၅ ပါး တို့အား စုစုပေါင်း ဆွမ်းတော် ၁၇၄ အိတ် ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ သာသနာရေးဦးစီးဌာန