နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း

၂၂-၅-၂၀၂၀ ရက်နေ့၊ ၁၀ ၀၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ မဟာဇနကကျောင်းတိုက်၊ မဟာဇနကဗိမာန်တော်ကြီး၌ တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော် တပ်ကုန်းမြို့၊ မဟာသီဟနာဒ ကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူခဲ့ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊ အမြဲတမ်းအတွင်းဝန်နှင့် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။

          အဆိုပါ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ နေပြည်တော် တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒထံမှ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲ များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုတော်မူကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ နေပြည်တော် တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အနုမောဒနာ တရားနာကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲတွင် Coronavirus Disease 2019(Covid-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နေစဉ်ကာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်း ၁၉ ကျောင်း၊ သီလရှင်ကျောင်း ၅ ကျောင်းတို့တွင် သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ ၄၉၈ ပါး၊ သီလရှင် ၉၁ ပါး၊ စုစုပေါင်း ၅၈၉ ပါးတို့အား စုစုပေါင်း ဆွမ်းတော် ၁၁၄ အိတ် ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။