နေပြည်တော် ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း

၁၆-၅-၂၀၂၀ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိအမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊ အမြဲတမ်းအတွင်းဝန်နှင့် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။

          အဆိုပါ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလခံယူခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေစက်သွန်းလောင်း အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါ နေပြည်တော် ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲတွင် Coronavirus Disease 2019(Covid-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နေစဉ်ကာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနား မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်း၊ သီလရှင်ကျောင်း ၄ ကျောင်းတို့တွင် သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ ၂၅၉ ပါး၊ သီလရှင် ၉၆ ပါး၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၆ ကျောင်း၊ သီလရှင်ကျောင်း ၃ ကျောင်း တို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၃၂၂ ပါး၊ သီလရှင် ၁၄၈ ပါး၊ စုစုပေါင်း ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ သီလရှင် ၇ ကျောင်းတို့ရှိ ရဟန်း၊ သာမဏေ ၅၈၁ ပါး၊ သီလရှင် ၂၄၄ ပါးတို့အား စုစုပေါင်း ဆွမ်းတော် ၁၆၁ အိတ် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။