နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တစ်နိုင်ငံလုံး လွှမ်းခြုံသော အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျယ်

၁-၄-၂၀၂၀ ရက်နေ့၊ ၀၈ ၀၀ အချိန်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီး ၁၀ ပါးတို့သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးနှင့် ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး (COVID- 19) ကမ္ဘာ့ကပ်ရောဂါဘေးမှ ကင်းဝေးစေရေးအတွက် တစ်နိုင်ငံလုံး လွှမ်းခြုံသည့် အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်သရဇ္စျယ်ရန်အတွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်ဘုရား ကြီးများအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး များအား တစ်နိုင်ငံလုံး လွှမ်းခြုံသော အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျယ်တော် မူမည့်လေယာဉ်ပေါ်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး အမှူးပြုသော ဆရာတော် ကြီး ၁၀ ပါးတို့သည် ရန်ကုန်-မန္တလေး-မြစ်ကြီးနား-ညောင်ဦး-ရန်ကုန် လေကြောင်းခရီးစဉ်အတိုင်း တစ်နိုင်ငံလုံး လွှမ်းခြုံသော အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျယ်တော်မူကြမည်ဖြစ်ပါသည်။

  သာသနာရေးဦးစီးဌာန