အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ စတုတ္ထအစည်းအဝေး ပထမနေ့ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ စတုတ္ထအစည်းအဝေး ပထမနေ့ကို ယနေ့နံနက်(၈)နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေ၊ သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းညွန့်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးစိုးမင်းထွန်းနှင့် တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြည်ညိုကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တဓမ္မာစာရက အခမ်းအနားမှူး အဖြစ် ဆောင်ရွက်တော်မူသည်။

အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးထမြောက် အောင်မြင်ကြောင်း ကြေငြာသည်။

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးက အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာကို မြွက်ကြားတော်မူသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးကြည်မင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ဒုတိယအဖွဲ့ခွဲ)၏ ဒုတိယအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ၏ကိုယ်စား တွဲဖက်အကျိုးတော်ဆောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရက (ဓမ္မာစရိယ၊  ဝိနယဓရ၊ Ph.D)က တင်သွင်း တင်သွင်းလျှောက်ထားသည်။

ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ဒုတိယအဖွဲ့ခွဲ)၏ ဒုတိယအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာအကျဉ်းကို အဖွဲ့ဝင်ဆရာတော်ကြီး များက ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားသည်။

ယင်းနောက် သာသနာ့ရေးရာကိစ္စများ၊ ဝိနိစ္ဆယဆိုင်ရာကိစ္စများ၊ ပညာရေးဆိုင်ရာကိစ္စ များကို တင်ပြလျှောက်ထားရာ တာဝန်ကျအဖွဲ့ခွဲ ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးတော်မူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား အာရုဏ်ဆွမ်း အလှူရှင်အဖြစ် ဖခင်ကြီး ဦးမောင်မောင် မိခင်ကြီး ဒေါ်ခင်ခင်ကြီး တို့အား ရည်စူး၍ သမီး(သဒ္ဒမ္မဇောတိကဓဇ) ဒေါ်ပြုံးဝေသီ ကလည်းကောင်း၊ နေ့ဆွမ်းကို ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) မဟာသရေစည်သူ ဦးရဲမြင့်+ဇနီး ဒေါက်တာဒေါ်တင်လင်းမြင့် မိသားစုတို့က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

သာသနာရေးဦးစီးဌာန