(၃၄)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို နေပြည်တော်တွင် ပြောင်းလဲကျင်းပမည်

၇-၂-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအတုလဝေယံ(အတုမရှိ) ကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်မည့် (၃၄)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မေတ္တာရပ်ခံချက်အရ ရက်ရွှေ့ဆိုင်းခဲ့ပြီး ကျင်းပမည့်ရက်ကို သာသနာရေးဦးစီးဌာနက ပြန်လည်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

ယခုအခါ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က မဟာဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပရေးနှင့် ပတ်သက်၍ ၂၂-၂-၂၀၂၀ ရက်နေ့တွင်ကျင်းပသော အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဒုတိယအကြိမ် စတုတ္ထအထူးအစည်းအဝေးက “သာသနာရေးဦးစီးဌာနက ကျင်းပပြုလုပ်မည့် (၃၄)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို အထူးကိစ္စတစ်ရပ်အနေဖြင့် နေပြည်တော်၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်မှ ၁၂ ရက်နေ့အတွင်း သင့်လျော်သော ရက်တစ်ရက်ရက်၌ ကျင်းပဆောင်ရွက်သွားရန်” ဟု ဆုံးဖြတ်ခဲ့ပါသည်။

ယင်းကဲ့သို့ ဆုံးဖြတ်ချက်အရ (၃၄)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်ကြီး၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်နေ့၊ ၁၂ ၀၀ အချိန်တွင် ကျင်းပဆောင်ရွက်သွားရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အတည်ပြုခဲ့ပါသည်။

သို့ဖြစ်ပါ၍ (၃၄)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားသို့ အချိန်မီကြွရောက်ရန် သက်ဆိုင်ရာ စာအောင်ပုဂ္ဂိုလ်များနှင့် ပင့်သံဃာတော်များကို ပင့်စာများကို ဆက်ကပ်ပေးပို့မည်ဖြစ်ပါသည်။ ပင့်စာများကို အချိန်မီမရရှိပါကလည်း ကြွရောက်တော်မူပါရန်နှင့် ၁၀-၃-၂ဝ၂၀ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ကြီး၏ ရင်ပြင်တော်အရှေ့တောင်ထောင့်ရှိ ဓမ္မာရုံသို့ ဆက်သွယ်သတင်းပေးပို့ကြရန် သာသနာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။

သာသနာရေးဦးစီးဌာန