သံဃနာယကနှင့်ဝိနည်းဓိုရ်ဗဟိုအဆင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၀) သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၀

သံဃနာယကနှင့် ဝိနည်းဓိုရ်ဗဟိုအဆင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ၁၀-၂-၂၀၂၀ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယကဆရာတော်ကြီးများ ကြွရောက်တော် မူခဲ့ကြပြီး အခမ်းအနားသို့ သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သာသနာရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ၊ စာမေးပွဲဌာနခွဲနှင့် ပုံနှိပ်ထုတ်ဝေရေးဌာနခွဲတို့မှ ညွှန်ကြားရေးမှူးများနှင့် တိုင်း ဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုခဲ့ကြသည်။

 အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်တော်မူပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက သင်တန်းဆင်းသြဝါဒကထာကို မိန့်ကြားခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး အမှူးပြုသည့် မဟာနာယကဆရာတော်ကြီးများက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်သံဃနာယက ဆရာတော်ကြီးများအား သင်တန်းဆင်း လက်မှတ်များ အပ်နှင်းချီးမြှင့်ခဲ့သည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသအမှူးပြုသော ဆရာတော်ကြီးများအား သာသနာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အခမ်းအနားကို “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ၁၀ ၀၀ အချိန်တွင် အောင်မြင်စွာရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။

သာသနာရေးဦးစီးဌာန