သံဃနာယကနှင့် ဝိနည်းဓိုရ်ဗဟိုအဆင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၀) (ဆဋ္ဌမနေ့)သင်တန်း ဖွင့်လှစ်ပို့ချ

ရန်ကုန် ဖေဖော်ဝါရီ ၈

၈-၂-၂၀၂၀ ရက်နေ့၊  ၀၇ ၀၀ အချိန်မှ ၁၅ ၅၀ အချိန်အထိ ရန်ကုန်မြို့၊ ကမ္ဘာအေး
ကုန်းမြေရှိ အပရဂေါယာနကျောင်းဆောင်၌ သံဃနာယကနှင့် ဝိနည်းဓိုရ်ဗဟိုအဆင့် သင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်လှစ် ပို့ချလျက်ရှိရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ (ဒုတိယအဖွဲ့ခွဲ) တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဓမ္မာစာရက သံဃနာယကလက်စွဲ၊ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် သံဃာ့အဖွဲ့အစည်းလုပ်ထုံး လုပ်နည်း ဘာသာရပ်ကိုလည်းကောင်း၊ သာသနာရေးဦးစီးဌာန၊ စာမေးပွဲဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်မြင့်က ပရိယတ္တိပညာရေးဆိုင်ရာကိစ္စရပ်များ၊ စာမေးပွဲကျင်းပရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ ဒုတိယ ညွှန်ကြားရေးမှူး၊ ဦးကျော်စိုးညွန့်က သံဃာ့အဖွဲ့အစည်းနှင့် ဆက်စပ်နေသော ကိစ္စရပ်များ၊ အခြားတရားရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေဘာသာရပ်ကို လည်းကောင်း၊ သာသနာရေးဦးစီးဌာန၊ ပုံနှိပ်ထုတ်ဝေရေးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးနိုင်အောင်မိုးက သာသနာရေးဦးစီးဌာန၊ ပုံနှိပ်ထုတ်ဝေရေးဌာနမှ ထုတ်ဝေသော ပိဋကဆိုင်ရာစာအုပ်များ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အစည်းအဝေး (၄၇)ပါးစုံညီ အစည်းအဝေးများ၊ ပရိယတ္တိစာမေးပွဲဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်စပ်သောလုပ်ငန်းများကို ပုံနှိပ်ထုတ်ဝေရေးဌာနခွဲအနေဖြင့် ပေါင်းစပ်ဆောင်ရွက် ပေးမှုအခြေအနေများအား လည်းကောင်း ရှင်းလင်းလျှောက်ထား သင်ခန်းစာပို့ချခဲ့ပါသည်။

အဆိုပါသင်တန်းသို့ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်နှင့်တိုင်းဒေသကြီး/ ပြည်နယ်သံဃ နာယက အဖွဲ့ဝင်ဆရာတော် ၅၁ ပါးနှင့် တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူး ၁၇ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

သာသနာရေးဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *