ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၊ ရွှေဘုံသာစေတီတော်မြတ်၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များ၊ အသစ်တင်လှူပူဇော်ပွဲ၊ ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့၊ ရွှေဘုံသာစေတီတော်မြတ် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များ၊ အသစ်တင်လှူပူဇော်ပွဲ ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာ မင်္ဂလာအခမ်းအနားနှင့် ရှင်ပြု၊ သီလရှင်ဝတ် ရေစက်ချအလှူမင်္ဂလာ အခမ်းအနားကို ယနေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

          ရှေးဦးစွာ ဆရာတော်သံဃာတော်များ ဦးဆောင်တော်မူပြီး ပရိသတ်အားလုံးတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပါသည်။

          ဆက်လက်၍ နိုင်ငံတော် ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိဿုတ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာစာသင်တိုက် ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ချီးမြှင့်ရွတ်ပွားတော်မူသည့် ပရိတ်တရားတော် များကို နာယူကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အလှူရှင် ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်း(ဗဟို)ဥက္ကဋ္ဌ၊ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေတို့က ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်း ကြပါသည်။

          ထို့နောက် ကျိုက်ထီးဆောင်း ဒုတိယဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တ နာဂဒီပ အရှင်သူမြတ်က စေတီတော်ဘက်စုံပြုပြင်မွမ်းမံခြင်းကိစ္စကို ရှင်းလင်းမိန့်ကြား၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အလှူရှင် ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေတို့က သာသနာရေး ဆိုင်ရာများ လျှောက်ထားကာ အခမ်းအနားမှူး ဦးစံသင်းလှိုင်၊ တေးသံရှင် မြန်မာပြည်သိန်းတန်၊ မေခလာနှင့် စိမ့်နေခြည်တို့က ထုတိဩဘာဂါထာတော်များ၊ စေတိယဂုဏပူဇာ ရတုပိုဒ်စုံများဖြင့် သီကျူးပူဇော်ကြပါသည်။

          ၎င်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အရှင်သူမြတ်က အနုမောဒနာတရား မြွက်ကြား၍ လှူဒါန်းမှုအစုစုကို ရေစက်သွန်းလောင်း အမျှပေးဝေကြပါသည်။           ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့်ဇနီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီး၊ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ ဦးဆောင်သော ဇေကမ္ဘာမိသားစုတို့က ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို ဒေဝါဝင်း၊ ရာဇာဝင်း၊ ပုဂံဝင်းများ ခြံရံလျက်ပင့်ဆောင်ကာ လက်ယာရစ် တစ်ပတ် လှည့်လည်အပူဇော်ခံကာ စက်ယာဉ်တော်ဖြင့် စေတီတော်အထွဋ်သို့ တင်လှူပူဇော်ကြပြီး သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ကြကြောင်း သိရှိရပါသည်။