သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပုဂံဘုရားအမှတ်(၇၅၂) ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနား တက်ရောက်

          ၂၁-၂-၂၀၁၉ ရက်နေ့၊ ၀၆ ၃၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြုပြင်မွမ်းမံ လှူဒါန်းထားသည့် ပုဂံဘုရားအမှတ်(၇၅၂) ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားတွင် နိုင်ငံတော်ဩဝါဒါစရိယ၊ ညောင်ဦးမြို့၊ ရုပ်စုံကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဇနီး၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမံ၊ သောက်တော်ရေချမ်းများ ဆက်ကပ် လှူဒါန်းခြင်း၊ သံဃာတော်များထံ တံခွန်၊ ကုက္ကား၊ မုလေးပွားများ ဆက်ကပ်လှူဒါန်းခြင်းတို့ ပြုလုပ်ကြပြီး ဆရာတော်ကြီးများက စေတီတော်အား ဗုဒ္ဓါဘိသေက အနေကဇာတင်ခဲ့ကြပါသည်။

          ထို့နောက် နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းနားဖွင့်လှစ်ကာ နိုင်ငံတော် ဩဝါဒါစရိယ၊ ညောင်ဦးမြို့၊ ရုပ်စုံကျောင်းတိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ ထံမှ ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးအမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဥပါသကာများက စေတီ​တော်ဝတ္ထုကံတွင် ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်နှင့် ပရိတ်သဲများ ပက်ဖြန်းကြဲဖြန့်တားဆီး ချည်နှောင်ခြင်းနှင့် မြို့နယ်သံဃနာယကအကျိုးတော်ဆောင်၊ ညောင်ဦးမြို့၊ အလိုတော်ပြည့်ကျောင်းတိုက် ပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတ ထံမှ အနုမောဒနာ တရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

          ယင်းနောက် ၀၈ ၀၀ အချိန်တွင် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ ရုပ်သိမ်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးအမှူးပြုသော တာဝန်ရှိသူများက ဆရာတော်ကြီးများကို အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ရတနာရွှေမိုးငွေမိုး ရွာသွန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ 

သာသနာရေးဦးစီးဌာန