သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦအောင်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ပြန်ကြားရေးဝန်ကြီးနှင့်အဖွဲ့ လက်ခံတွေ့ဆုံ၊ တိပိဋကဓရ တိပိကောဝိဒရွေးချယ်ရေးစာမေးပွဲအဖွဲ့ ဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ဒေသကော်မတီ၏ အမြဲတမ်းကော်မတီဝင် ပြန်ကြားရေးဝန်ကြီး H.E. Zhao Jin နှင့်အဖွဲ့သည် ၁၉-၁-၂၀၁၈ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး(ရန်ကုန်ရုံးခွဲ) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံသာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍရပ်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။

            အဆိုပါတွေ့ဆုံပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

          ယင်းနေ့ ၁၃ ၀၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်လိုက်ပါလျက် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌  ကျင်းပလျက်ရှိသော (၇၁)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲသို့ သွားရောက်၍ တိပိဋကဓရ တိပိဋကကောဝိဒ စာမေးပွဲဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်များ၊ စာပြန် သံဃာတော်များအား ဖူးမြော်ကြည်ညိုခဲ့ပါသည်။

          တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ကျင်းပလျက်ရှိပြီး စာမေးပွဲကြီး၌ ဩဝါဒါစရိယဆရာတော် ၁၁ ပါး၊ စာထောက်စာမ ဆရာတော် ၁၂၄ ပါး၊ လူပုဂ္ဂိုလ်စာထောက်စာမှတ် ၆၆ ဦးနှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိ ဝန်ထမ်းများ ကူညီဆောင်ရွက်၍ စာပြန်သံဃာတော် ၂၂၀ ပါးတို့ အာဂုံပြန်ဆိုလျက်ရှိပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက စာပြန်သံဃာတော်များ အာဂုံပြန်ဆိုနေမှုကို လှည့်လည် ဖူးမြော်ကြည်ညိုခဲ့ပြီး စာမေးပွဲဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

          ဗုဒ္ဓသာသနာသမိုင်းတစ်လျှောက် သင်္ဂါယနာ ၆ တန် တင်ခဲ့ရာ မြန်မာဗုဒ္ဓဘာသာဝင်တို့သည် ပဉ္စမသင်္ဂါယနာနှင့် ဆဋ္ဌသင်္ဂါယနာ(၂)ကြိမ်တိုင်တိုင် ဆင်နွှဲခွင့်ရခဲ့ကြသည်။ ဆဋ္ဌသင်္ဂါယနာတင်သည့်အခါ ပိဋကသုံးပုံအာဂုံဆောင် သာသနာ့အာဇာနည် အရှင်မြတ်များ ရရှိရေးအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည် ၁၉၄၈ ခုနှစ်မှာပင် တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးကို ပထမအကြိမ် စတင်ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

          တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးကို ၁၉၅၄ ခုနှစ်တွင် (၆)ကြိမ်မြောက် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးစတင်ကျင်းပသည့်နှစ်ဖြစ်၍ ထိုနှစ်တွင် စစ်ကိုင်းတောင်ရိုး မင်းကွန်းဓမ္မနာဒ ကျောင်းတိုက်မှ အရှင်ဝိစိတ္တာသာရာဘိဝံသ အရှင်မြတ်သည် တိပိဋကဓရ တိပိကကောဝိဒ စာမေးပွဲကြီး အာဂုံပြန်နှင့် ရေးဖြေနှစ်မျိုးစလုံး၌ ဂုဏ်ထူးဖြင့် အောင်မြင်ပြီး မဟာတိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရ ဆရာတော်တစ်ပါး စတင်ပေါ်ထွန်းခဲ့ပါသည်။ ဆဋ္ဌသင်္ဂါယနာတင် အခမ်းအနားကြီးတွင် မန္တလေးမြို့၊ ညောင်ရမ်းဆရာတော်ကြီးက သံဃာဦးသျှောင်မထေရ်ကြီးအဖြစ် ဆောင်ရွက်တော်မူပြီး မဟာစည်

ဆရာတော် အရှင်သောဘနက အမေးပုစ္ဆကဆရာတော်အဖြစ် လည်းကောင်း၊ တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက မင်းကွန်း အရှင်ဝိစိတ္တာသာရာဘိဝံသက အဖြေ ဝိဿဇ္ဇက ဆရာတော်အဖြစ် လည်းကောင်း ဆောင်ရွက်တော်မူကြလျက် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

          တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို စတင်ကျင်းပခဲ့သည်မှစ၍ တစ်ကြိမ်မျှ ပျက်ကွက်မှုမရှိခဲ့သဖြင့် ယခုအခါ မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ (၇၁)ကြိမ်မြောက် ကျင်းပပြုလုပ် နိုင်ခြင်းဖြစ်သည်။ စာမေးပွဲကြီးတွင် အာဂုံပြန်နှင့် သဘောရေးဖြေ ၂ မျိုးခွဲခြားဖြေဆိုရပြီး ပိဋကတ် သုံးပုံလုံး စာမျက်နှာပေါင်း ၈၀၂၆ မျက်နှာကို ပြီးမြောက်အောင် အာဂုံပြန်ဆိုခြင်းပြုနိုင်ပါမှ တိပိဋကဓရ ဘွဲ့နှင့် သဘောရေးဖြေ ဖြေဆိုခြင်း အောင်မြင်ပါမှ တိပိဋကကောဝိဒဘွဲ့ကို ဆက်ကပ်ခံရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံပရိယတ္တိစာမေးပွဲလောကတွင် အဆင့်အမြင့်ဆုံးစာမေးပွဲကြီးဖြစ်၍ စာမေးပွဲကြီး ပထမအကြိမ်မှ (၇၀)ကြိမ်မြောက်ထိ ပထမဆုံးအောင်မြင်တော်မူသည့် တိပိဋကဓရ ဓမ္မာဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီး အပါအဝင် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ် ၁၄ ပါး ပေါ်ထွန်းခဲ့ပါသည်။

          (၇၁)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်က စတင်ကျင်းပခဲ့ပြီး ယနေ့အာဂုံပြန်ဆိုပွဲပြီးဆုံး၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ သဘောရေးဖြေစာမေးပွဲ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သာသနာရေးဦးစီးဌာန