ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋီတိုက်တွင် ရွှေကြာမျက်နှာကျက်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ကြည်ညို

၁၂-၁-၂၀၁၉ ရက်နေ့၊ ၀၈ ၀၀ အချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋီတိုက်တွင် ရွှေကြာမျက်နှာကျက်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ ပြည်နယ်/ မြို့နယ်သံဃ နာယကဆရာတော်များ၊ အင်းလေးဖောင်တော်ဦးဘုရားဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပအိုဝ့်အမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ၊ မြန်မာနိုင်ငံနယ်စပ်နှင့်တောင်တန်းဒေသ ထေရဝါဒဗုဒ္ဓဘာသာ (ဗဟို)သာသနာနုဂ္ဂဟအသင်း ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ (၃၁)ဘုံသား အများကောင်းမှုအလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဘိဓဇမဟာရဋ္ဌဂုရု၊ မိုင်းသောက်ပထမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ထံမှ ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည် ကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့က မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့် တော်မူကြပြီး အလှူရှင်မိသားစုတို့က ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြပါသည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဘိဓဇမဟာရဋ္ဌဂုရု၊ မိုင်းသောက်ပထမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

သာသနာရေးဦးစီးဌာန